ကိုဖြိုးဝေအောင်အမှုအကျဉ်းချုပ်
ကိုဖြိုးဝေအောင်သည် ဧပြီလ၂၂ရက်နေ့တွင် နေအိမ်မှလာရောက် ဖမ်းဆီးခြင်းခံခဲ့ရပြီး သင်္ကြန်ဗုံးဖောက်ခွဲမှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်များဖြင့် ညှင်းပန်းနှိပ်စက်ပြီး မတရားဖြောင့်ချက်ယူခြင်း ခံခဲ့ရသည်။ ဤကဲ့သို့ ညှင်းပန်းနှိပ်စက်ခဲ့သော ရဲအရာရှိများကို အရေးယူပေးပါရန် အင်းစိန်ထောင်တွင် အဖမ်းခံထားရသော ကိုဖြိုးဝေအောင်မှ စစ်အစိုးရထံတင်ပြ တောင်းဆိုခဲ့သည်။ သို့သော်လည်း တစုံတရာအကြောင်း ပြန်ကြားခြင်း မရှိခဲ့ခြေ။
ရန်ကုန်တိုင်း ရဲအဖွဲ့ရုံးမှ ရဲအရာရှိများမှ ကိုဖြိုးဝေအောင်ကို ၉ရက်တိတိညှင်းပန်းနှိပ်စက်ခဲ့ပြီး ဖြောင့်ချက်ပေးခံခိုင်းခြင်းကို အရေးယူပေးပါရန် သြဂုတ်လ ၄ရက်နေ့မှာ ဇနီးဖြစ်သူ မဌေးဌေးက တင်ပြခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါ်ခင်မာဆွေ ကအမှုကို ပြန်လည်စစ်ပေးပါရန် အသနားခံစာတင်သွင်းခဲ့သည်။
သူမဧ။်စစ်အစိုးရထံ တင်သွင်းသော အသနားခံစာထဲတွင်..ကိုဖြိုးဝေအောင်ကိုဧပြီလ ၂၂ ရက်နေ့တွင် နေအိမ်မှ လာရောက် ဖမ်းဆီးသွားခဲ့ပြီး အောင်သပြေစစ်ကြောရေး စခန်းတွင် ညှင်းပန်းနှိပ်စက်ပြီး၊ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခိုင်းခဲ့ကြောင်း၊ ကိုဖြိုးဝေအောင်ကို၂ရက်နဲ့၂ည မတ်တပ်ရပ်ခိုင်းထားခြင်း၊ ခေါင်းကိုရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ဒခေါက်ခွက်ကိုခြေဖြင့် တက်နင်းခြင်း ကိုယ်လုံးတီးချွတ်ပြီး ကျောက်ခဲများပေါ်တွင် ဒူးထောက်ထိုင်ခိုင်းခြင်း၊ ယောကျာ်းအင်္ဂါကို မီးနဲ့တို့ခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်း စသည့်နည်းမျိုးစုံသုံးပြီး ဖောက်ခွဲမှုကို ကျူးလွန်ပါသည်ဟု ထွက်ဆိုခိုင်းကြောင်း ဖော်ပြထားပါသည်။
တရားခံများပြည်ပကို ထွက်ပြေးပြီဖြစ်သည့် အတွက်ကိုဖြိုးဝေအောင်ကို ဝန်ခံသည်အထိ ညှင်းပန်းနှိပ်စက်မှာ ဖြစ်ကြောင်း ရဲမှုးတင်ကွန်းကပြောသည့်အပြင် အင်းစိန်ထောင် အတွင်းရှိရဲအုပ်ခင်မောင်ရီနှင့် ရဲအုပ်ကျော်စိန်ထွန်းတို့က ၆ရက်တိုင်တိုင် ထပ်မံညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ညှင်းပန်းနှိပ်စက်ခဲ့သည့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှုးတင်ကွန်း၊ ရဲအုပ်ခင်မောင်ရီနဲ့ ရဲအုပ်
ဆွေလင်း၊ ရဲအုပ်ကျော်စိန်ထွန်း၊ ဒုရဲအုပ်အေးမင်းနိုင်၊ ဒုရဲအုပ်အေးကျော်၊ ဒုရဲအုပ်ဘိုဘို၊ ဒုရဲအုပ်စည်သူ(၈)ဦး အပါအဝင် သက်ဆိုင်ရာ ရဲအရာရှိတွေကို အရေးယူပေးဖို့ ရေးသားဖော်ပြထားပါသည်။
ထို့နောက် ဇနီးဖြစ်သူမှလည်း သြဂုတ်လ၁၆ရက်နေ့နေ့စွဲဖြင့် သူမဧ။်ယောကျာ်း အချုပ်သားတယောက်အနေဖြင့် ရသင့်သော အခွင့်အရေးများ မရရှိခြင်းနှင့် ရသင့်သော အခွင့်အရေးများရရှိစေရန် အင်းစိန် ထောင်တာဝန်ခံ အရာရှိထံသို့ ထပ်မံတင်ပြခဲ့သည်။ သူမဧ။်အစီရင်ခံစာထဲတွင် သူမဧ။်ယောကျာ်းဖြစ်သူမှာ ထောင်သို့ ရောက်သည်မှာ(၃)လကျော်ပြီ ဖြစ်ပြီးရုံးထုတ်တာ ၁လကျော်ပြီဖြစ်သော်လည်း အခြားအကျဉ်းသားများကဲ့သို့ မနက်ထောင်အဖွင့်တွင် အခြားအကျဉ်းသားများ ကဲ့သို့ အပြင်ထွက်ပြီး လမ်းလျှောက်ခွင့်မရကြောင်း၊ ထောင်ဝင်စာသွားတွေ့သော မိသားစုဝင်များနှင့်လည်း ထောင်ဝန်ထမ်းများကပြောသမျှ လိုက်မှတ်နေသဖြင့် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရကြောင်း၊ သူဧ။်ရှေ့နေနှင့်လည်းလွတ်လွတ် လပ်လပ်ပြောဆိုခွင့်မရကြောင်း၊ အမှုတွဲကိုလည်း ကိုဖြိုးဝေအောင်ကယူပြီး ဖတ်ခွင့်မရကြောင်း အမှုစစ်ဆေးသော တရားခွင်သို့ ဝင်ရောက်နားထောင်ခွင့် မရသဖြင့် သက်ဆိုင်ရာထောင် အာဏာပိုင်အမှုစစ်တို့နှင့် ညှိနှိုင်းပေးရန် တရားသူကြီးထံ တင်ပြသော်လည်း ငြင်းပယ်ခံခဲ့ရသည်။
ပြီးနောက် တဦးတည်း နေရသည်မှာ ၃လကျော်ပြီဖြစ်သဖြင့် စိတ်ရောကိုယ်ပါ ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ရေးသားတင်ပြခဲ့ပါသည်။ ထို့နောက်ကိုဖြိုးဝေအောင်မှ တရားသူကြီးဧ။် ပြုမူဆောင်ရွက်ချက်များကို တရားမျှတမှု မရှိမည်ကိုစိုးရိမ်မိသောကြောင့် တရားသူကြီးပြုမူ ဆောင်ရွက်ချက်များကို ကတိသစ္စာပြုလွှာ ပြုလုပ်ရန်နှင့် ၄င်းအမှုအား တခြားတရားသူကြီးမှ ကြားနားစစ်ဆေးရန် တောင်းဆိုခဲ့သည်။ ကိုဖြိုးဝေအောင်ဧ။် အမျိုးသမီးမှ ကတိသစ္စာပြုလွှာ လျှောက်လွှာတွင်လည်း အထက်ပါ အချက်များကို ရေးသားဖော်ပြခဲ့ပါသော်လည်း ကတိသစ္စာပြုလွှာကိုငြင်းပယ်ခံခဲ့ရသည်။
အာရှလူ့အခွင့်အရေး ကော်မရှင်မှလည်း ကိုဖြိုးဝေအောင်နှင့်ပတ်သက်ပြီး ကြေငြာချက်များ၊ သတင်းထုတ်ပြန်ချက်များ၊ အလျင်အမြန်လုပ်ဆောင်ရမည့် မေတ္တာရပ်ခံချက်များ ထုတ်ပြန်ခဲ့ ပြီးဖြစ်သော်လည်း တိုင်ကြားစာများကို လက်ခံရရှိနေဆဲ ဖြစ်သည်။ ယခုအခါဖြိုးဝေအောင်အား အခြား အကျဉ်းသားများ နှင့်အတူထားသည် အထိအကျဉ်းထောင် အာဏာပိုင်များက လိုက်လျောခဲ့သော်လည်း တရားခွင်တွင် အမှုစစ်ဆေးသည့်အခါ တရားသူကြီး၏ ပိတ်ပင်တားဆီးမှုများကို တရားခံဖက်မှ ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပါ တရားခံ တဦး၏အခွင့်အရေးများ လက်လွတ်ဆုံးရှုံးနေရဆဲဖြစ်သည်။


